လောက်ကိုင်မြို.မှာ ကျွန်တော်စိတ်ဝင်စားတဲ့အရာတွေ အများကြီးရှိတဲ့အထဲကမှာ လျှပ်စစ်ကားများဟာလည်း တစ်ခုအပါအ၀င်ပဲဖြစ်ပါတယ်။

ယနေ.တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပြီး နာမည်ကြီးလာတဲ့ ကိုးကန်.ဒေသရဲ.  လောက်ကိုင်မြို.ကို ပြီးခဲ့တဲ့နှစ်နှစ်တာ ကာလအတွင်းမှာ အကြိမ်ကြိမ်ရောက်ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံထဲက ဝေးလံခေါင်ဖျား နယ်စပ်ဒေသမြို.လေးတစ်မြို.လို. ဆိုပေမယ့် လောက်ကိုင်မြို.ရဲ. ခေတ်မှီပုံက ကျွန်တော်အတွက် အံ့သြစရာပါပဲ ။ လောက်ကိုင်မြို.မှာ ကျွန်တော်စိတ်ဝင်စားတဲ့အရာတွေ အများကြီးရှိတဲ့အထဲကမှာ လျှပ်စစ်ကားများဟာလည်း တစ်ခုအပါအ၀င်ပဲဖြစ်ပါတယ်။

လောက်ကိုင်မြို.က လျှပ်စစ်ကားများ

လောက်ကိုင်မြို.က လျှပ်စစ်ကားများ Photo via Myorr

လျှပ်စစ်ကားတွေဟာ လောက်ကိုင်မြို.တွင်းပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်တွေပါပဲ ။ ဒေသခံကိုးကန်.တွေက ဘယ်လိုခေါ်ဝေါ်တယ်မသိရပေမယ့် လျှပ်စစ်ကား ဆိုတဲ့အခေါ်အဝေါ်ကတော့ လောက်ကိုင်မြို.မှာ အကြောင်းအမျိုးမျိုးနဲ. ရောက်ရှိနေထိုင်ကြတဲ့ မြန်မာစကားပြောသူတွေက ခေါ်ဝေါ်တာဖြစ်ပါတယ် ။ လျှပ်စစ်ကားဆိုတဲ့အတိုင်း တကယ့်ကိုပဲ လျှပ်စစ်ဓာတ်အားသွင်းပြီး.မောင်းတာဖြစ်ပါတယ် ။ လျှပ်စစ်ကားတွေဟာ များသောအားဖြင့် အစိမ်းနုရောင်နဲ.အပြာနုရောင်တွေ ဖြစ်ကြပြီး ခရီးသည် ၁၀ ဦးခန်.ကိုတစ်ပြိုင်တည်း တင်ဆောင်မောင်းနှင်နိုင်ပါတယ်။ ကားဘီးသေးသေးလေးတွေနဲ. လျှပ်စစ်ကားတွေဟာ အပြင်ပန်းကြည့်ရင် အမြင်တင့်တယ်သလို တောင်တက်တောင်ဆင်းများလှတဲ့ လောက်ကိုင်မြို.တွင်းက ကုန်ဆင်းကုန်းတက်တွေကိုလည်း အသံဆူညံမှုမရှိပဲ သက်တောင့်သက်သာသွားနိုင်တဲ့ ကြံခိုင်မှုအထိုက်အလျှောက်ရှိတဲ့ကားတွေ ဖြစ်ပါတယ်။

ကိုးကန်.ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တာကြောင့် ကိုးကန်.ဒေသက မော်တော်ကားများကို ဒေသတွင်းမောင်းနှင်နိုင်ဖို. ဒေသရဲ.area code ဖြစ်တဲ့ KK နဲ.အစချီပြီး ဂဏန်းလေးလုံးနဲ. License plate ပြားတွေကို တပ်ဆင်ထားကြပါတယ် ၊ အိမ်စီးကားတွေက နံပါတ်အမည်းရောင်ဖြစ်ပြီး လျှပ်စစ်ကားတွေကတော့ နံပါတ်အနီရောင်တွေနဲ.ပါ။

ကျွန်တော်တို. ရန်ကုန်-မန္တလေးမြို.ကြီးတွေမှာ အမျိုးသမီးအငှားယာဉ်မောင်းတွေဟာ လက်ချိုးရေရလောက်အောင် ရှားပါးပေမယ့် လောက်ကိုင်မြို.က လျှပ်စစ်ကားမောင်းနှင်သူများရဲ. သုံးပုံတစ်ပုံလောက်က အမျိုးသမီးတွေပါ။ အမျိုးသမီးယာဉ်မောင်းတွေဟာ များသောအားဖြင့် ဦးထုပ်အ၀ိုင်းပျော့ပျော့ကိုဆောင်းထားပြီး လက်ရှည်အကျီင်္ဝတ်ဆင်ထားကြတက်ကြပြီး အသက်သုံးဆယ်ဝန်းကျင် လူလတ်ပိုင်းတွေဖြစ်ကြပါတယ်။

လောက်ကိုင်ဟာ နယ်စပ်မြို.လေးတစ်မြို.ဖြစ်ပေမယ့် ကျွန်တော်ရောက်ဖူးတဲ့ အခြားနယ်စပ်မြို့တွေနဲ့သိပ်မတူပါဘူး။ သူ့အကျယ်အ၀န်းဟာ မြို့ငယ်လေးတစ်မြို့သာသာလောက်ရှိပါတယ်။ မိနစ်နှစ်ဆယ်နာရီဝက်လောက် ကားနဲ.ပတ်ရင်ပဲ တစ်မြို.လုံးကို နှံနိုင်ပါတယ် ။ ဒါပေမယ့် လျှပ်စစ်ကားတွေကတော့ ဘယ်စီးစီး လူတစ်ယောက်ကို သုံးယွမ် ယူပါတယ် ။ သုံးယွမ်ဆိုတာ မြန်မာကျပ်ငွေနဲ. ပြန်တွက်ရင် ငါးရာကျပ်ဝန်းကျင်ရှိတာမို. လျှပ်စစ်ကားစီးခဟာ ဈေးကြီးတယ်လို. ဆိုနိုင်ပါတယ် ။ သို.ပေမယ့် လောက်ကိုင်မြို.က ကိုးကန်.ဒေသခံတွေဟာ ဆိုင်ကယ်အစား လျှပ်စစ်ကားကို အသုံးများကြပါတယ် ။ ငါးမိနစ်လောက်လမ်းလျှောက်သွားရင်တောင် ရောက်နိုင်တဲ့ခရီးကိုလည်း  တစ်ချို.တွေ လျှပ်စစ်ကားစီးကြတာတွေ.ဖူးပါတယ် ။

လျှပ်စစ်ကားတွေဟာ လောက်ကိုင်မြို.ရဲ. အဓိကကျတဲ့ လမ်းတွေပေါ်မှာပဲ သွားကြတာဖြစ်ပြီး လမ်းကြိုလမ်းကြားတွေကို မ၀င်ပေးပါဘူး  ။ လျှပ်စစ်ကားတွေအတွက်မှတ်တိုင်ရယ်လို. သတ်မှတ်ထားတာမျိုး မရှိပဲ ခရီးသည်တွေက လျှပ်စစ်ကားတွေကို အဆင်ပြေတဲ့နေရာကနေ တားစီးလို.ရသလို မိမိတို.သွားလိုတဲ့နေရာနဲ. အနီးစပ်ဆုံး အဆင်ပြေတဲ့နေရာမှာ ကားမောင်းသူကို ပြောပြီးဆင်းနိုင်ပါတယ်။ တစ်ခုထူးခြားတာက လျှပ်စစ်ကားမောင်းသူတွေဟာ ရန်ကုန်က Bus ကားမောင်းသမားတွေလို တစ်စီးနဲ.တစ်စီး အပြိုင်အဆိုင် ကျော်တက်လေ့မရှိကြပါဘူး ၊ အရှေ.မှာ တစ်စီးက လူတင်နေရင်လည်း နောက်တစ်စီးက အတင်းကျော်သွားတာမျိုးမရှိပဲ  နောက်ကရပ်စောင့်နေပြီး စည်းကမ်းတကျမောင်းကြတာကို သတိထားမိပါသေးတယ်။

မြို.တွင်းသွားလာရေးအတွက် ဒေသခံတွေဟာ လျှပ်စစ်ကားကိုအသုံးများတာကြောင့် အခြားသော နယ်မြို.တွေလို ဆိုင်ကယ်တွေဟာ လောက်ကိုင်မြို.မှာ ရှုပ်ရှုတ်ခတ်မနေပါဘူး ။ လျှပ်စစ်ကားတွေရဲ. စက်သံဟာလည်း ဆူညံခြင်းမရှိတာမို. လောက်ကိုင်မြို.ဟာ အခြားသောနယ်မြို.တွေလောက် မော်တော်ယာဉ်ကြောင့် ဖြစ်တဲ့ ဆူညံသံတွေ သိပ်မရှိလှပါဘူး ။ မီးခိုးငွေ.တွေလည်း မရှိတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်း မဖြစ်နိုင်တော့ပါဘူး။

လျှပ်စစ်ကားတွေ မြန်မာပြည်ရဲ. အခြားသောဒေသတွေမှာ အဆင်ပြေနိုင်မလား

လျှပ်စစ်ကားတွေ ပြေးဆွဲနိုင်ဖို.အတွက် အခြေခံလိုအပ်ချက်တွေကတော့ –

-လျှပ်စစ်မီးပုံမှန် ရနိုင်ရန်

-လမ်းတွေအထူးကောင်းမွန်ရန်

-ယာဉ်မောင်းတွေစည်းကမ်းရှိရန် လိုအပ်မှာပဲဖြစ်ပါတယ်။

 

          လျှပ်စစ်ကားတွေ ပြေးဆွဲခြင်းရဲ. အခြေခံအားဖြင့် အကျိုးကျေးဇူးတွေကတော့

-ပတ်ဝန်းကျင်ဆူညံမှုကို လျှော့ချနိုင်

-သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်

-လောင်စာဆီအများအပြားအသုံးပြုရမှုကို လျှော့ချနိုင်

-အမြင်တင့်တယ်ပြီး သက်တောင့်သက်သာရှိ

ရန်ကုန် နှင့်လျှပ်စစ်ကား

ရန်ကုန် ၊ မန္တလေးအစရှိတဲ့ မြန်မာနိုင်ငံရဲ. အဓိကကျတဲ့မြို.တွေမှာ လျှပ်စစ်ကားတွေပြေးဆွဲဖို. အဆင်ပြေနိုင်ပါ့မလားလို. ဆိုရင် ကျွန်တော်တစ်ဦးတည်းအမြင်အရ အဆင်ပြေမှု ရှိနိုင်မည်မထင်ပါ။ လျှပ်စစ်ဓာတ်အား ပြဿနာကိုဘေးဖယ်ထားပြီး အခြားအချက်တွေနဲ. စဉ်းစားကြည့်တဲ့အခါမှာ ၊ ရန်ကုန် မှာဆိုရင် ပြေးဆွဲနေတဲ့ Bus ယာဉ်လိုင်းတွေ အများအပြားရှိပြီးသားဖြစ်ပြီး ရန်ကုန်မြို.ရဲ. လမ်းတွေဟာလည်း တစ်နေ.တစ်ထက် ကားတွေနဲ.ပြည့်ကျပ်နေလို.ပါပဲ ။ လျှပ်စစ်ကားတွေဟာ ခရီးသည် ၁၀ ဦးခန်.သာတင်ဆောင်နိုင်တာမို. ရန်ကုန်မြို.လူဦးရေအတွက်ဆိုရင် လျှပ်စစ်ကားပေါင်းမြောက်များစွာလိုနိုင်မှာမို. ရန်ကုန်မြို.လမ်းမများထက်မှာ အဆင်မပြေဖြစ်နိုင်ပါသည်။

နယ်မြို.များ

  မြန်မာနိုင်ငံရဲ.အချို.သောနယ်မြို.လေးတွေမှာ ခရီးသည်သယ်ယူပို.ဆောင်ရေးအတွက် သုံးဘီးဆိုင်ကယ်တွေ ၊ တုတ်တုတ်လို. ခေါ်တာတွေ အသုံးပြုကြတာကို တွေ.ရပါတယ် ။ ထိုယာဉ်တွေဟာ အသံအင်မတန်မှဆူညံလှတာကြောင့် ဖြစ်နိုင်မယ်ဆိုရင် လျှပ်စစ်ကားတွေကို သုံးဘီးဆိုင်ကယ်တွေနေရာမှာ အစားထိုးအသုံးပြုသင့်ပါတယ် ။ခရီးသည်တွေအတွက် လျှပ်စစ်ကားတွေစီးရတာဟာ သုံးဘီးဆိုင်ကယ်တွေထက် အများကြီး သက်တောင့်သက်သာဖြစ်စေမှာလည်း အမှန်ပါပဲ။ ဒါ့အပြင် သပ်သပ်ရပ်ရပ်ရှိတဲ့ လျှပ်စစ်ကားတွေဟာ နယ်မြို.များအတွက် အမြင်မှာလည်း တင့်တယ်စေမှာပါ။

နယ်မြို.တွေမှာ လျှပ်စစ်ကားတွေပြေးဆွဲနိုင်ဖို.အတွက် လျှပ်စစ်ဓာတ်အားနဲ. အထိုက်အလျှောက်ကောင်းမွန်တဲ့ လမ်းအနေအထားရှိဖို. လိုအပ်ပါတယ် ။ ရန်ကုန်၊ မန္တလေး အစရှိတဲ့မြို.ကြီးများထက် နယ်မြို.တွေမှာ လျှပ်စစ်ကားတွေကိုစမ်းသပ်ပြေးဆွဲကြည့်သင့်ကြောင်း အကြံပြုလိုက်ပါသည်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations