နွေရာသီရောက်ပြီဆိုတော့ ဒါလေးတွေသိထားဖို့လိုပြီနော်

နွေရာသီဆိုတာ အပူလွန်ကဲမယ်၊ချွေးထွက်များမယ်၊အသားအရည်ခြောက်သွေ့မယ်၊ အရေပြားပြဿနာ တွေဖြစ်မယ်၊နေလောင်တာ၊၀က်ခြံ၊အသားအရည်နီမြန်းတာစသဖြင့် အမျိုးမျိုးဖြစ်လာနိုင်တဲ့ရာသီဥတုတစ်ခုပါ။ဒီလို ရာသီဆို ပူပြင်းလွန်းလို့အပြင်မထွက်ချင်ပေမဲ့ ထွက်နေရတာပါပဲ။ အဲ့ဒီလိုနေ့စဉ်ရက်ဆက် အပြင်သွားလာနေရတဲ့အခါ ဆောင်ရန်ရှောင်ရန်လေးတွေသိထားဖို့လိုပါတယ်။Suncreen လိမ်းရုံနဲ့အသားအရည်အတွက် မလုံလောက်တဲ့အတွက် သိထားသင့်တဲ့ဆောင်ရန်ရှောင်ရန်လေးတွေကတော့...

၁။Face Mist လေးဆောင်ထားပါ

ဘယ်နေရာသွားသွား Face Mist လေးဆောင်ထားပါ။အဲ့ဒါမှ မျက်နှာအသားအရည်ခြောက်သွေ့လာတယ်လို့ ခံစားရတဲ့အခါ ဖြန်းပေးလို့ရမှာပါ။မျက်နှာတင်မကခန္ဓာကိုယ်ပါ လန်းဆန်းအောင် ဖြန်းပေးလို့ရပါတယ်။တစ်ချို့ကတော့ သခွားသီးနဲ့ Home Made Mist လေးလုပ်ပြီး နေရာတိုင်းကိုယူသွားလေ့ရှိပါတယ်။

၂။အသားအရည်ကိုချေးချွတ်ပါ

အသားအရည်ခြောက်သွေ့မှုမဖြစ်အောင် တစ်လကို ၂ခါ လောက်ပုံမှန်ချေးချွတ်ပေးသင့်ပါတယ်။ရေမချိုးခင် ချေးချွတ်ပေးသင့်ပြီး အထူးသဖြင့်ဒူးခေါင်းတွေ၊တံတောင်ဆစ်တွေနေရာကို ချေးချွတ်ပေးပါ။ရေချိုးပြီးရင်တော့ သံလွင်ဆီဖြစ်စေ၊ဘော်ဒီလိုးရှင်းဖြစ်စေ သုံးမိနစ်လောက်နှိပ်နယ်လိမ်းပေးဖို့မမေ့ပါနဲ့။

၃။အသီးအနှံ၊အသီးအရွက်များများစားပါ

နွေရာသီမှာ အအေးတွေ၊ရေခဲရေတွေသောက်မယ့်အစား ဗီတာမင်စီနဲ့ဗီတာမင်အေများများပါတဲ့ အသီးအနှံတွေ၊အရွက်တွေစားပေးသင့်ပါတယ်။ဆလတ်ရွက်၊သရက်သီး၊စတော်ဘယ်ရီသီး၊ သင်္ဘောသီး၊ဘယ်ရီသီး၊ခရမ်းချဉ်သီးတို့မှာဗီတာမင်စီကြွယ်ဝပြီး အစေ့အဆန်တွေမှာတော့ ဗီတာမင်အီးကြွယ်ဝတဲ့အတွက်အသီးအနှံတွေ၊အရွက်တွေများများစားပေးသင့်ပါတယ်။

၎။မျက်လုံးကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးရှောင်ပါ

နွေရာသီမှာအဓိကသတိထားရမှာကတော့ အသားအရည်နဲ့မျက်လုံးပါပဲ။မျက်လုံးကိုနေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုးရှောင်ပြီး မကြာခဏလည်းအားဖြည့်ပေးပါ။နေပူထဲသွားမယ်ဆိုရင် ခေါင်းဆောင်း၊ပုဝါ၊မျက်မှန်တွေယူသွားသင့်ပြီး တစ်ပတ်ကိုတစ်ခါ သခွားသီးရည်လိမ်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

၅။နှုတ်ခမ်းသားခြောက်သွေ့မှုမဖြစ်အောင်ကာကွယ်ပါ

ပူပြင်းခြောက်သွေ့တာက သင့်ရဲ့ နှုတ်ခမ်းကိုပါခြောက်သွေ့လာစေပါတယ်။ရေများများသောက်ဖို့လိုအပ်သလို နှုတ်ခမ်းအတွက်လိုအပ်တဲ့ဗီတာမင်တွေဖြည့်ဖို့လည်းလိုအပ်ပါတယ်။ ညဘက်မှာအုန်းဆီအနည်းငယ်လိမ်းပေး ထားပြီးနှုတ်ခမ်းခြောက်သွေ့တာကို ကာကွယ်နိုင်ပါတယ်။နှုတ်ခမ်းနီဆိုးတဲ့အခါမှာလည်း အဆီလေးကိုအောက်ခံထားပြီးဆိုးပေးပါလို့ အကြုံပြုလိုက်ပါတယ်။

၆။ရေအေးအေးလေးချိုးပါ

နေပူထဲက ပြန်လာပြီးရေအေးအေးလေးချိုးခိုင်းတာမဟုတ်ဘူးနော်။အနားယူပြီးကာမှ အရမ်းလည်းမအေးလွန်းတဲ့ရေနဲ့ ချိုးခိုင်းတာပါ။ရေအေးနဲ့ချိုးတာကချွေးထွက်များတာကို သက်သာစေပြီး ၀က်ခြံပြဿနာတွေကို လည်းလျှော့ချပေးနိုင်ပါတယ်။ရေခဲတုံးလေးတွေနဲ့မျက်နှာကို ညင်သာစွာပွတ်တိုက်ပေးပါ။

၇။ရေများများသောက်ပါ

ရေများများသောက်ဖို့ကတော့ ပြောစရာလိုမယ်မထင်ပါဘူး။တစ်နေ့ကို ရေ ၈ခွက်ကနေ၁၂ခွက်ထိ သောက်ပေးပါ။ရေဓာတ်လျော့နည်းတာက အသားအရည်အတွက်မကောင်းသလို ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။

၈။အချိန်ရွေးပြီးအပြင်ထွက်ပါ

အရေးကြီးကိစ္စမရှိရင် မနက် ၁၁နာရီကနေ ညနေ ၄နာရီထိအပြင်မထွက်ပါနဲ့။အဲ့ဒီအချိန်ဟာ နေရောင်ခြည်အပြင်းထန်ဆုံးအချိန်ဖြစ်သလို အပူဆုံးအချိန်လည်းဖြစ်ပါတယ်။

၉။အပြင်ထွက်မယ်ဆို နေလောင်ခံလိုးရှင်းအမြဲလိမ်းပါ

နွေရာသီဆိုရင် အသားအရည်ညိုမည်းလွယ်ထိခိုက်လွယ်တာကြောင့်အပြင်ထွက်မယ်ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးကို နေလောင်ခံတဲ့ကရင်မ်၊လိုးရှင်းတစ်ခုခုအမြဲလိမ်းပါ။အဲ့ဒါမှနေရောင်နဲ့တိုက်ရိုက်မထိတွေ့မှာဖြစ်ပါတယ်။ မျက်နှာအတွက်လည်း suncreen အမြဲလိမ်းဖို့မမေ့ပါနဲ့။

၁၀။မျက်နှာပေါင်းတင်ပါ

နွေရာသီမှာဆိုရင် မျက်နှာအသားအရည်က အနည်းနဲ့အများဆိုသလို ပျက်စီးတတ်ကြပါတယ်။ ပျိုမေတို့ကလည်းမျက်နှာအလှမပျက်ချင်ဘူးဆိုရင်မျက်နှာပေါင်းတင်တာမျိုးတွေလုပ်ပေးသင့်ပါတယ်။ အသီးအနှံနဲ့ပေါင်းတင်တာကတော့ အကောင်းဆုံးပါပဲ။အကောင်းဆုံးအသီးအနှံကတော့စတော်ဘယ်ရီသီး လို့ညွှန်းပါရစေ။စတော်ဘယ်ရီသီးလေးတွေကိုရေခဲသေတ္တာထဲထည့်၊ပြီးရင်နှစ်ခြမ်းခွဲပြီးမျက်နှာကိုစက်ဝိုင်းပုံစံ ၂မိနစ်လောက်ပွတ်ပေးပါ။ပြီးရင်ရေဆေးချပါ။မျက်နှာအသားအရည်တောက်ပစေပြီးအစက်အပြောက်တွေပါ ကင်းစင်စေပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations