ဘယ်လိုယဉ်ကေျးစွာငြင်းရမလဲဆိုတော့...

မိန်းကလေးတိုင်းမှာ သဘာဝအလှအပကိုယ်စီရှိကြပါတယ်။အဲ့ဒီအလှအပတွေကိုမြင်တတ်တဲ့သူက အဲ့ဒီမိန်းကလေးကိုသဘောကျမိမှာအမှန်ပါပဲ။သဘောကျတဲ့အခါ လူပျိုလှည့်ကြမယ်။သူတို့မှာလူပျိုလှည့်ခွင့်ရှိသလို မိန်းကလေးတွေမှာလည်း စဉ်းစားပိုင်ခွင့်၊ငြင်းပိုင်ခွင့်ရှိပါတယ်။ဒါပေမဲ့ရိုင်းရိုင်းပြောလည်း ဒီစကား၊ချိုချိုသာသာပြောလည်း ဒီစကားဆိုသလို ကိုယ့်ကိုချစ်ခွင့်ပန်လာတဲ့သူကိုငြင်းချင်တယ်။ဒါပေမဲ့ တစ်ဖက်သားကိုစိတ်လည်းမထိခိုက်စေချင်ဘူး ၊မနာကျင်စေချင်ဘူး။ယဉ်ယဉ်ကျေးကျေးပဲငြင်းချင်တဲ့သူတွေရှိပါတယ်။

ဥပမာ ကိုယ့်ကိုချစ်ခွင့်ပန်ထားတဲ့သူမှာ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ၊စိတ်ဓာတ်ပိုင်းဆိုင်ရာအရဖြစ်စေ ကိုယ်မကြိုက်တာ သူ့မှာရှိနေတယ်။ဒါကို ပွင့်ပွင့်လင်းလင်းငြင်းမယ်ဆိုပြီး ကိုယ်မကြိုက်တာကို ပြောပြီးငြင်းလိုက်မယ်ဆိုရင် ဒါကသူ့အတွက်အရှက်ရစရာလည်းဖြစ်သွားနိုင်သလို သိမ်ငယ်စိတ်လည်းဝင်သွားနိုင်ပါတယ်။ပြီးတော့ အဲ့လိုသူ့အားနည်းချက်ကိုထောက်ပြီးမကြိုက်ဘူးပြောရလောက်တဲ့အထိလည်းမလိုဘူးလေ။ကိုယ်မကြိုက်ပေမဲ့ ကြိုက်တဲ့မိန်းကလေး၊အဲ့ဒီအကျင့်ကိုပြင်ဆင်ပေးနိုင်တဲ့မိန်းကလေးဆိုတာရှိမှာပါပဲ။ဒါကို ကိုယ်မကြိုက်တာတစ်ခုတည်းနဲ့ သူ့အတွက်အားငယ်စရာ၊အရှက်ရစရာဖြစ်အောင်မဖန်တီးသင့်ပါဘူး။အငြိုးအတေးထားတတ်တဲ့သူဆိုရင် ဘယ်အချိန်ကိုယ့်ကိုအန္တရာယ်ပေးမလဲဆိုတာမသိနိုင်ဘူးလေ။အဲ့ဒါကြောင့် ကိုယ့်ကိုချစ်ခွင့်ပန်ထားတဲ့သူကို သဘောမကျဘူး၊ငြင်းချင်တယ်ဆိုရင်ဒီနည်းလမ်းလေးတွေနဲ့ယဉ်ယဉ်ကျေးကျေးငြင်းပါ။

၁)ပထမဆုံးကိုယ့်ကိုယ်ကိုယ်သေချာအောင်လုပ်ပါ

သင့်ကိုချစ်ခွင့်ပန်တဲ့သူကို သင်လုံးဝမချစ်နိုင်ဘူးဆိုတာသေချာပြီလား?သူနဲ့ပတ်သက်ပြီးဝမ်းနည်းတာမျိုး။ပျော်ရွှင်တာမျိုး၊ ထူးထူးခြားခြားခံစားရတာမျိုးမရှိဘူးလား?သေချာစဉ်းစားပါ။မိန်းကလေးတိုင်းက သူတို့ကိုသဘောကျနေတဲ့သူ ရည်းစားစကားပြောတော့မယ်ဆိုရင် အလိုလိုသိနေတတ်တဲ့ဥာဉ်မျိုးရှိပါတယ်။သူမပြောခင် သင့်ဘက်ကသူ့ကိုလက်ခံနိုင်၊မခံနိုင်ဆိုတာစဉ်းစားပါ။သူ့မှာရှိနေတဲ့အကျင့်ဆိုးတွေကြောင့်ပဲမကြိုက်တာလား?တကယ် နှလုံးသားထဲက ဘာမှခံစားလို့မရတာလားဆိုတာ သေချာစဉ်းစားဖို့လိုပါတယ်။

၂)လေးလေးစားစားပြောဆိုပါ

သူချစ်ခွင့်ပန်လာတဲ့အခါ တစ်ခြားအရာတွေမပါပဲ သင်သူ့အပေါ်ထားတဲ့ခံစားချက်ကိုပွင့်ပွင့်လင်းလင်းပြောပါ။ သူငယ်ချင်းလိုပဲခင်မင်တာ၊အစ်ကိုတစ်ယောက်လိုခင်မင်တာမျိုးစသဖြင့်ပေါ့။ကိုယ့်ကိုချစ်ခွင့်ပန်တဲ့သူက ဘယ်လိုမျိုးပဲဖြစ်နေပါစေ တစ်ဖက်သားရဲ့ ခံစားချက်ကိုလေးစားတဲ့အနေနဲ့ နင်ကများင့ါကိုရည်းစားစကားပြောရမလား၊ ဘာလား၊အစ်ကိုလိုခင်တာ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ရမလား စသဖြင့် စသဖြင့်ပေါ့ အဲ့ဒီလိုဟာတွေဆွဲထည့်ပြီးမပြောပါနဲ့။သူကသူ့ခံစားချက်ကိုပွင့်ပွင့်လင်းလင်းပြောလာရင် သင်ကလည်းသူ့အပေါ်ထားတဲ့ခံစားချက်ကိုပွင့်ပွင့်လင်းလင်းပြောပါ။

၃)အချိန်ပေးလိုက်ပါ

သင့်ကိုချစ်ခွင့်ပန်လာပြီဆိုရင် သူ့ကို မဆက်သွယ်ပဲ တစ်ပတ်ဖြစ်စေ ၂ပတ်ဖြစ်စေနေလိုက်ပါ။ဒါက သူ့အတွက်ပြန်စဉ်းစားဖို့အခွင့်အရေးဖြစ်သလို သူ့စကားကိုပြန်ပြီးရုတ်သိမ်းချင်လည်းရုတ်သိမ်းလို့ရတဲ့ အခွင့်အရေးပါ။တစ်ခါတစ်လေမှာ ချစ်တယ်လို့ထင်ထားကြပေမဲ့ အနေဝေးသွားတဲ့အခါ အဲ့ဒီခံစားချက်တွေက အချစ်မဟုတ်မှန်းသိလာတာတွေရှိတတ်ပါတယ်။တကယ်လို့အချိန်ပြည့်သွားတဲ့အထိ သူကသင့်ကိုချစ်တယ်ဆိုတာသေချာရင်လည်းသူနဲ့ဆုံတွေ့ပြီးသင့်ခံစားချက်ကိုပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါ။ဒါက ကြိုးရှည်ရှည်နဲ့လှန်ထားတာမဟုတ်ပါဘူး။သူ့ကိုအခွင့်အရေးပေးတာဖြစ်သလို သင့်အတွက်လည်းသင့်ခံစားချက်ကိုသင်ပြန်ပြီးဆန်းစစ်လို့ရပါတယ်။

၎)ငြင်းရမှာအားမနာပါနဲ့

ငြင်းတယ်လို့ပြောရမှာ ရိုင်းသလိုဖြစ်တယ်၊အားနာတယ်၊တစ်ဖက်လူနာကျင်သွားမှာစိုးတယ်ဆိုပြီး စဉ်းစားဦးမယ်မပြောပါနဲ့။ရိုးရိုးသားသားမချစ်ရင်မချစ်တဲ့အကြောင်းပြောပြီးငြင်းလိုက်ပါ။အချိန်ဆွဲထားပြီးငြင်းတာထက် ဒီနည်းလမ်းက သူတို့အတွက်ပိုပြီးနာကျင်မှုသက်သာစေပါတယ်။

အဓိကက ဘာကြောင့်၊ညာကြောင့်ဆိုတဲ့ရုပ်ပိုင်းဆိုင်ရာအကြောင်းအရာတွေနဲ့ အကြောင်းပြချက်ပေးပြီး ရိုင်းရိုင်းမငြင်းမိဖို့ပါပဲ။လူတစ်ယောက်က သူ့ရဲ့ရင်တွင်းခံစားချက်ကို တစ်ခြားသူတစ်ယောက်ကိုဖွင့်ပြောဖို့ဆိုတာ တကယ်တော့လွယ်လှတယ်မဟုတ်ပါဘူး။သူ့အပေါ်ထားတဲ့ခံစားချက်၊မချစ်နိုင်ဘူးဆိုတာကိုပွင့်ပွင့်လင်းလင်းပြောတာက ရိုင်းတာမဟုတ်ဘူးနော်။တစ်ဖက်လူက ကိုယ့်အပေါ်ချစ်နေတာကိုသာယာပြီးကိုယ်ကမချစ်ပေမဲ့ အချိန်ဆွဲထားတာမျိုး၊ကိုယ့်ကိုချစ်ရင်ဟိုဟာလုပ်ပေး၊ဒီဟာလုပ်ပေးနော်လို့ ပြောတာမျိုးစသဖြင့် အဲ့ဒီလို ကိုယ်ကမချစ်နိုင်ပေမဲ့ ကိုယ့်ကိုချစ်ရင်ဆိုတဲ့စကားကြီးနဲ့ အချိန်ဆွဲထားတာမျိုး၊အချိန်ဆွဲထားပြီးတော့ နောက်ဆုံးကျတော့လည်းငြင်းတာပဲ အဲ့ဒါမျိုးက ရိုင်းတာပါ။

ပြီးတော့ ကိုယ့်ကိုချစ်ခွင့်ပန်လာတဲ့သူကို မနာကျင်အောင်ငြင်းချင်တယ်ဆိုရင်တောင် လုံးဝမနာကျင်ဘူးဆိုတာတော့ မရှိပါဘူး။သူက ကိုယ့်ကိုချစ်နေတဲ့အတွက်ငြင်းပယ်ခံရရင် ၀မ်းနည်းမှာပဲ၊နာကျင်မှာပဲ။ဒါပေမဲ့ သူ့ကို သင့်ခံစားချက်တွေပွင့်ပွင့်လင်းလင်းပြောပြပြီး ဒီကမ္ဘာပေါ်မှာသူနဲ့သင့်တော်တဲ့သူ၊သူ့ကိုတကယ် ချစ်မြတ်နိုးတဲ့သူတစ်ယောက်ရှိတယ်ဆိုတာသေချာတဲ့အကြောင်းသူ့ကိုပြောပြပါ။အခုလတ်တလောနာကျင်မှာသေချာပေမဲ့ အဆင်ပြေသွားပါလိမ့်မယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations