အက်ရှင်ဒရာမာအစုံအလင်နဲ့ကြည့်ရှုရမယ့်ဇာတ်ကားလေးပါ

ဘောလိဝုဒ်ပရိသတ်တွေအတွက် King  Shah Rukh Khan ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒါရိုက်တာ Rahul Dholakia ရိုက်ကူးထားပြီး မင်းသမီး Mahira Khan ၊ Nawazuddin Siddiqui တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ၆၃ကြိမ်မြောက်ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးမင်းသားအဖြစ် Khan က စကာတင်ရွေးချယ်ခံခဲ့ရသလို တစ်ခြားဆုငါးဆုလည်းစကာတင်ရွေးချယ်တဲ့စာရင်းမှာပါဝင်ခဲ့တယ်လို့သိရပါတယ်။

ဇာတ်လမ်းပုံစံကတော့ ငွေကြေးနွမ်းပါးတဲ့ကလေးတစ်ယောက်ဟာ တစ်ခြားသူကိုမထိခိုက်စေဘူးဆိုရင် ဘယ်အလုပ်ပဲဖြစ်ဖြစ် မသိမ်ငယ်ဘူးဆိုတဲ့အမေဖြစ်သူရဲ့စကားကိုလက်စွဲထားခဲ့ပါတယ်။အဲ့ဒီကလေးကတော့ Khan ပါ။ကံမကောင်းစွာနဲ့ Khan ဟာ အမြင်အာရုံလည်းချို့တဲ့နေခဲ့ပါတယ်။သူတို့နေထိုင်ရာဒေသတစ်ဝိုက်မှာ အရက်မှောင်ခိုသွင်းတဲ့သူတွေချည်းပဲဖြစ်လို့ Khan တစ်ယောက် ငွေကြေးအဆင်ပြေဖို့ အရွယ်ရောက်လာတဲ့အထိ ဒီလောကထဲမှာပဲကျင်လည်နေခဲ့ရပါတယ်။

ဖြတ်ထိုးဥာဏ်ကလည်းကောင်းပြီးပါးနပ်တဲ့သူတစ်ယောက်ဖြစ်လို့ သူက သူ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာ သူ့ကိုငယ်ငယ်လေးကတည်းကအရက်မှောင်ခိုပို့ဖို့ငွေကြေးနဲ့ငှားရမ်းထားတဲ့လူနဲ့ထိပ်တိုက်ရင်ဆိုင်လာရပါတော့တယ်။တကယ့်ထိပ်သီးမှောင်ခိုဘုရင်တွေကြားမှာ Khan ဘယ်လိုတွေကြိုးစားပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်မလဲ၊ရဲတွေကြားကနေ ဘယ်လိုပါးနပ်စွာရှောင်ထွက်မလဲ၊သူ့ကိုဖမ်းဖို့စောင့်ကြည့်နေတဲ့ ရဲအရာရှိကို ဘယ်လိုပြန်ပြီးတုံ့ပြန်မလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရမှာပဲဖြစ်ပါတယ်။

ပါးနပ်သလို အကွက်ကျော်မြင်တတ်တဲ့ Khan က သူ့ချစ်သူကိုလည်း အရမ်းချစ်တတ်တာကို ဒီဇာတ်ကားထဲမှာ မြင်တွေ့ရမှာပါ။ပြောရမယ်ဆိုရင်တော့ Shah Rukh Khan ရဲ့ ပုံစံနှစ်မျိုးကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ငွေကုန်ကြေးကျအများဆုံးခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပါ။ဝေဖန်မှုတွေရှိသလို အောင်မြင်မှုတွေရခဲ့တဲ့ဇာတ်ကားဆိုရင်လည်းမမှားပါဘူး။ဘောလိဝုဒ်ကားဆိုတော့သိတဲ့အတိုင်း အကလေးနည်းနည်းပါးပါးပါပေမဲ့ အချိန်ပေးရတာတန်စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations