အံ့သြစရာကြီး။မသိရင် ကင်မရာကြော်ငြာကျနေတာပဲ။

ပင်လယ်ထဲကိုကင်မရာတစ်လုံးလွတ်ကျသွားမယ်။ပင်လယ်ရေအောက်ကြမ်းပြင်ပေါ်ကျရောက်သွားမယ်။နှစ်တွေကြာလာမယ်၊ကင်မရာပေါ်မှာရေမှော်တွေအညစ်အကြေးတွေဖုံးလွှမ်းသွားမယ်။ရေငုပ်သမားတစ်ယောက်ယောက်က ရှာဖွေတွေ့ရှိပြီးဖွင့်ကြည့်လိုက်မယ်။အထဲကဓာတ်ပုံတွေဟာ အရာမယွင်း အကောင်းအတိုင်း… ကင်မရာကလည်း အသစ်အတိုင်းရိုက်လို့ရနေမယ်။ပြီးမှကင်မရာရဲ့တံဆိပ်ကိုပြမယ်။ဒါဟာ ကင်မရာကြော်ငြာတစ်ခုမဟုတ်ပါဘူး။အပြင်မှာအမှန်တကယ်ဖြစ်ပျက်နေတဲ့အရာပါ။

ထိုင်ဝမ်ရဲ့ကမ်းခြေတစ်ခုပေါ်မှာလာရောက်သောင်တင်တဲ့ကင်မရာတစ်လုံးရဲ့နောက်ကြောင်းဟာစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ ကင်မရာကိုရှာဖွေတွေ့ရှိခဲ့သူကတော့ အသက်11 နှစ်အရွယ်ကောင်လေးပါ။ သူက ကမ်းခြေက အမှိုက်တွေကိုရှင်းလင်းနေတုန်း ရေညှိတွေ ခရုခွံတွေဖုံးလွှမ်းထားတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့တာပါ။ သေချာကြည့်ရှုစစ်ဆေးလိုက်တဲ့အခါမှာတော့ ရေစိုခံကင်မရာအိတ်ထဲထည့်ထားတဲ့ကင်မရာတစ်လုံးဖြစ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ 

အသက် 11 နှစ်အရွယ်ကောင်လေးက ကင်မရာကိုတွေ့ခဲ့တာပါ။ကျွန်တော်တို့ကကင်မရာတော့ပျက်စီးနေလောက်ပြီလို့ထင်ခဲ့ပါသေးတယ်။ဒါပေမယ့် ခရုခွံတွေရေညှိတွေကိုဂရုတစိုက်ဖယ်ကြည့်တဲ့အခါကင်မရာအိတ်ကိုဖွင့်တဲ့ခလုတ်ကိုတွေ့ခဲ့ပါတယ်။ရေစိုခံကင်မရာအိတ်က တကယ်ကိုအလုပ်လုပ်တာပါ။ကင်မရာကိုပင်လယ်ရေကနေကာကွယ်ပေးခဲ့ပါတယ်။ ကင်မရာထဲမှာ ဓာတ်ပုံပေါင်းများစွာအကောင်းအတိုင်းရှိနေသေးတာကိုတွေ့ခဲ့ရပါတယ်။ကင်မရာကိုဘာလုပ်ကြရင်ကောင်းမလဲလို့ကလေးတွေနဲ့တိုင်ပင်ကြည့်တဲ့အခါ အချို့ကလည်းသိမ်းထားဖို့အကြံပေးပြီးအချို့ကတော့ ပိုင်ရှင်ကိုရှာပြီးပြန်ပေးဖို့ပြောကြပါတယ်။ဒါကြောင့် Facebook မှာ ကင်မရာထဲကရတဲ့ဓာတ်ပုံတွေနဲ့ကင်မရာကိုတွေ့ရှိခဲ့ပုံကို တရုတ်၊ဂျပန် နှစ်ဘာသာနဲ့ရေးပြီး ပို့စ်တင်ခဲ့ပါတယ်။လူပေါင်းများစွာက အဲ့ဒီိ့ပိုစ့်ကို Share သွားပြီိးနောက်ပိုင်းမှာတော့ ပိုင်ရှင်တွေဆီကိုဒီသတင်းကရောက်သွားခဲ့ပါတယ်။

ဒီနည်းနဲ့ ပင်လယ်ရေအောက်ကြမ်းပြင်မှာ နှစ်နှစ်ကျော်ကြာအိပ်စက်နေခဲ့တဲ့ကင်မရာလေးဟာသူ့ပိုင်ရှင်လက်ထဲပြန်ရောက်သွားတော့တာပါပဲ”လို့ အသက် 11 နှစ်အရွယ်ကောင်လေးရဲ့ဆရာ Park Lee က ပြောကြားခဲ့ပါတယ်။

ကင်မရာပိုင်ရှင်ရဲ့နာမည်ကတော့ Serina Tsubakihara ပါ။သူမက 2015 ခုနှစ်တုန်းက ဂျပန်ရဲ့ Ishigaki ကျွန်းကိုအပန်းဖြေခရီးထွက်ခဲ့စဉ်က ဒီကင်မရာကိုဆုံးရှုံးခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။ကင်မရာကပင်လယ်ရေစီးကြောင်းနဲ့မျောပါပြီး ထိုင်ဝမ်ကမ်းခြေမှာသွားသောင်တင်ခဲ့ပုံပါပဲ။

ကျွန်မတို့ ရေငုပ်နေကြတုန်း ကျွန်မသူငယ်ချင်းတစ်ယောက်ကအောက်ဆီဂျင်ကုန်သွားလို့ ကျွန်မလည်း အရေးပေါ်ကူညီဖို့ကြိုးစားခဲ့တုန်းက ကင်မရာကိုလွတ်ကျသွားခဲ့တာပါ။ဒီလိုပြန်ရတာတကယ်ကိုကျေးဇူးတင်စရာကောင်းတာပါပဲ”လို့ Serina က BBC News ကိုဖြေကြားခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations